မိဘ အိမ်ထောင်ရေးက ကလေးတစ်ယောက်ရဲ့ ကိုယ်စိတ်ကျန်းမာရေးအပေါ် အများကြီး သက်ရောက်မှု ရှိတယ်ဆိုရင်…

ပျော်ရွှင် သာယာ ခိုင်မြဲသော အိမ်ထောင်ရေး၏ ကောင်းကွက်လေးများက ဘာတွေလဲ။

ဇနီးနှင့် ခင်ပွန်းကြားတွင် အိမ်ထောင်ရေး ပျော်ရွှင် သာယာ ခိုင်မြဲစေရန် အောက်ပါ အချက် (၁၀) ချက်ကို သတိပြု လိုက်နာကြည့်ပါ။

(၁) ရိုးသားမှု ရှိပါ
မမှားမိပါစေနှင့်။ သို့သော် လူသားသည် အမှားနှင့်မကင်းသော သတ္တဝါဖြစ်သည်။ အမှားလုပ်မိလျှင် အချိန်မလွန်ခင် ရိုးသားစွာ ဝန်ခံပါ။

(၂) ချစ်ခင်ဖွယ် ကောင်းပါစေ
အပြင်အဆင် အဝတ်အစား အကောင်းစား ဖြစ်ဖို့ထက်အပြောအဆို အပြုအမူများက ချိုမြိန်နှစ်လိုဖွယ်ဖြစ်ပါစေ။

 (၃) စိတ်ရှည်ပါ
တစ်ဦး၏ အားနည်းချက်ကို တစ်ဦးက အတိုင်းအတာတစ်ခုအထိ စိတ်ရှည် သည်းခံပေးပါ။ အားနည်းချက်လေး အားကောင်းလာအောင် စိတ်ရှည်စွာ ကူညီ ဖြည့်ဆည်းပေးပါ။

(၄) ခွင့်လွှတ်တတ်ပါ
တော်ရုံတန်ရုံ အပြစ် အသေးအမွှားများနှင့် မရည်ရွယ်ပဲ ဖြစ်သွားသည့် မတော်တဆလေးများကို ခွင့်လွှတ်ပေးဖို့ ကြိုးစားပါ။

 (၅) သဘောထား ကြီးနိုင်ပါစေ
စိတ်ထားသေးသိမ်ခြင်း၊ ကလေးဆန်ခြင်း၊ အထင်လွဲ လွယ်ခြင်း၊ အပြစ်မြင်ခြင်း၊ အပြစ်တင်ခြင်းများ လျော့ချပါ။

(၆) သစ္စာရှိပါ
သစ္စာတရားကို မြတ်နိုးလျှင် စိတ်နှင့် ဖြစ်စေ၊ ကိုယ်နှင့်ဖြစ်စေ အိမ်ထောင်ရေး ဖောက်ပြန်မှု မရှိအောင် မိမိကိုယ်ကို ထိန်းသိမ်းနိုင်ပါလိမ့်မည်။

(၇) ဂရုစိုက်တတ်သူ ဖြစ်ပါစေ
ကိုယ့်ကိုယ်ကို ဂရုစိုက်ရုံမက အိမ်ထောင်ဖက်ရဲ့ အစားအသောက်၊ အနေအထိုင်၊ ကျန်းမာရေး၊ လိုအပ်ချက်လေးတွေကိုပါ အပြန်အလှန်ဂရုစိုက်ပေးပါ။

(၈) လိုလားဖွယ်ဖြစ်ပါစေ
အမြဲ ညည်းညူ ငြူစူသံ ကြားရပြီး အကောင်းမြင် စကား ကြားရခဲမယ်ဆိုရင် အိမ်ထောင်ဖက်က ကြာရင် စိတ်ကုန်သွားပါမယ်။ ရုပ်အသွင်သာမက နှုတ်နဲ့ စိတ်ထားလေးပါ လိုလားဖွယ်ဖြစ်ပါစေ။

 (၉) ပျော်ပျော်ရွှင်ရွှင်နေတတ်ပါ
စိတ်ပျော်ရွှင်ဖို့ ငွေကြေး အများကြီး ချမ်းသာဖို့ မလိုတာမို့ အခြေခံ လိုအပ်ချက်လေးတွေသာ ပိုင်ဆိုင်နေရင် ပြုံးပျော်ရွှင်မှုနှင့် မိတ်ဖွဲ့ပါ။ အိမ်ထောင်ဖက် နှင့် အတူ ဟာသလေးများ၊ ပျော်စရာစကားများ ပြောဆိုလို့ မကြာခဏ ရယ်မောပါ။

 (၁၀) နှစ်ယောက်တစ်ဘဝ ဖြစ်ပါစေ
ကောင်းခြင်း၊ ဆိုးခြင်းကို မျှဝေ ခံစားပြီး ဘဝ အနိမ့်အမြင့် နေ့ရက်များကို အတူ ကျော်ဖြတ်ပါ။ ချစ်ခြင်းမေတ္တာအပေါ် ကိုယ်ချင်းစာစိတ် ထပ်ဖြည့်ဆည်းလို့ တစ်ကိုယ်ကောင်းဆန်ခြင်း ကင်းဝေးနိုင်ပါစေ။

ပျော်ရွှင် သာယာ ခိုင်မြဲသော အိမ်ထောင်ရေး၏ ကောင်းကွက်လေးများကို ပိုင်ဆိုင်သူ အိမ်ထောင်သည် ဖေဖေမေမေတို့ ဖြစ်လာစေဖို့ ရည်ရွယ်ရေးပါသည်။ လက်တွေ့ ကြိုးစား လုပ်ဆောင်ကြည့်စေလိုပါသည်။

နေနေမိုးဆွေ (Child Health Myanmar)