ပင်စည်လုံးပတ်ကြီးမားလွန်းသော ညောင်ပင် ကြီးများကိုကြည့်ကာ အံ့သြစိတ်ဖြစ်ရသည်။ ကျွန်တော့်တစ်သက်သည်မျှလောက် အရွယ် အစားကြီးမားသော ညောင်ပင်မျိုးမတွေ့ဖူးခဲ့။ မြေပြင်ကိုထိစပ်မတတ်တည်ရှိနေသော သစ် ကိုင်းတစ်ကိုင်း၏ အရွယ်အစား ကပင် အတန် ကြီးမားသည်ဖြစ်ရာ ဤသစ်ပင်ကြီးများ၏ သက်တမ်းကခန့်မှန်းရပင် ခက်ခဲနေပြန်သည်။ သစ်ပင်ကြီးများကိုနောက်ခံကာ အမှတ်တရ ဓာတ်ပုံရိုက်နေကြသူများကို လှမ်းမြင်ရသည်။ ရောက်တုန်းရောက်ခိုက် ပင်းတယမြို့အမှတ်တရ အဖြစ် ညောင်ပင်ကြီးများကို နောက်ခံပြီး ဓာတ်ပုံရိုက်နေကြခြင်းဖြစ်သည်။
ပင်းတယမြို့သို့ ကျွန်တော်အကြိမ်အတော် များများရောက်ခဲ့ဖူးသည်။ ပင်းတယရွှေဥမင် လိုဏ်ဂူဘုရားကို အကြိမ်ကြိမ်ဖူးခဲ့သော်လည်း ဤ သစ်ပင်ကြီးများကို အနီးကပ်မလေ့လာမိခဲ့။ ဖြတ်သွားဖြတ်လာအမှုမဲ့သာ သွားလာခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ခေါက်တော့ ကားပေါ်မှ ကိုယ်တိုင်ဆင်းကာ အနီးကပ်လေ့လာပြီး ဓာတ် ပုံမှတ်တမ်းတင်နေမိခြင်းဖြစ်သည်။ ခရီးသွား တစ်စု၏ အော်ဟစ်စကားပြောသံကြောင့် အတွေးပြတ်သွားပြီး လှမ်းကြည့်လိုက်ရာ စီးလာ သည့်ကားပေါ်ပြန်တက်နေကြသည့် ခရီးသွား ဧည့်သည်များကို တွေ့ရသည်။ တကယ်တော့ ပင်းတယသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ် မြေအတွင်းတည်ရှိနေပြီး ဓနုတိုင်းရင်းသား အများစု နေထိုင်ရာဒေသလည်းဖြစ်သည်။ ပင်းတယမြို့နယ်မှာ ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ ၃၈၈ဝ တွင် တည်ရှိနေပြီး ကျေးရွာပေါင်း ၁၂၅၉ ရွာဖြင့်ဖွဲ့စည်းထားကာ တောင်ယာလုပ်ငန်းကို အဓိကထားပြီး လုပ်ကိုင် ကြခြင်းဖြစ်သည်။ ဒါကြောင့် ပင်းတယဝန်းကျင် တစ်ခွင်ကြည့်လေတိုင်း လှပသောစိုက်ခင်းများ၊ တောင်တန်းနှင့် ကျေးရွာများက ရှုလေတိုင်း ရင်ထဲချမ်းမြေ့စရာကောင်းအောင် ဆွဲဆောင်မှု ရှိလေသည်။
ကျွန်တော်တို့ သည်တစ်ခေါက် ကလော၊ အောင်ပန်းမှတစ်ဆင့် ပင်းတယသို့ ရောက်လာ ခဲ့ခြင်းဖြစ်ပြီး လှချင်တိုင်းလှနေသော ပင်းတယသို့ရောက်လာခဲ့ခြင်းဖြစ်ပြီး စိမ်းစိုအေးချမ်းနေ သော ပင်းတယရှုခင်းကိုစိတ်တိုင်းကျကြည့်ရှု လေ့လာမိနေခြင်းဖြစ်သည်။ ကျွန်တော်တို့ ပင်းတယမြို့ရှိ သစ်ပင်ကြီးများမှ ပင်းတယဂူ သို့မဟုတ် ရွှေဥမင်လိုဏ်ဂူသို့ သွားရောက်ခဲ့ကြ သည်။ လိုဏ်ဂူခြေရင်းတွင်ရှိသော ဆိုင်တန်း လေးတစ်လျှောက် ခရီးသွားဧည့်သည်များ ကြည့်ရှုဝယ်ယူနေကြသည်ကို တွေ့ ရသည်။ လက်ဖက်အစို၊ လက်ဖက်အခြောက်၊ ပဲပုပ်၊ ပဲပုပ်စေ့လှော်၊ တိုင်းရင်းသားရိုးရာဝတ်စုံများ နှင့် ဒေသထွက်လက်ဆောင်များက ဝယ်ယူသူ များ အကြိုက်တွေ့စေသည်။ ကျွန်တော်ကိုယ် တိုင်လည်း လက်ဆောင်ပစ္စည်းအချို့ကို ဝယ်ယူ ခဲ့သည်။ ဤဆိုင်လေးများ၏ ထူးခြားချက်မှာ ဒေသထွက်ကုန်များကိုအလွယ်တကူသယ်ယူ၍ရနိုင်သော အရွယ်အစား၊ လက်ဆောင်ပေးရန် အတွက်လည်း အနေအထားကလှပပြီး ဈေးနှုန်း ကလည်း သင့်တင့်မျှတအောင် ရောင်းချခြင်းပင် ဖြစ်သည်။
ရှည်လျားသော စောင်းတန်းလေးအတိုင်း ကျွန်တော်တို့တက်ရောက်ခဲ့ကြပြီး ဝဲဘက်တောင် နံရံတွင် ပင့်ကူကြီးကို လေးတော်ဖြင့် ပစ်ခွင်းနေ သည့်ရုပ်တုကို လှမ်းကြည့်မိသည်။ သမိုင်းဖြစ်ရပ် တစ်စွန်းတစ်စကို ဖွင့်လှစ်ဖော်ပြနေသလိုပင်။ ကျွန်တော်တို့ဓာတ်လှေကားဖြင့် လိုဏ်ဂူပေါ်တက် ခဲ့ကြပြီး ဓာတ်လှေကားမှအထွက်၊ တန်ဆောင်း ပေါ်မှ ပတ်ဝန်းကျင်ရှုခင်းကို ဝေ့ဝဲကြည့်မိသည်။ ပင်းတယတစ်ခွင်တွင် အမြင့်ဆုံးတောင်မှာ အရှေ့ပြင် အနောက်ပြင်တောင်ဖြစ်ပြီး အမြင့် ၇၇၅၂ ပေရှိကာ ပန်းစစ်တောင်မှာ အမြင့်ပေ ၆၈၃ဝ ရှိကာ ဒုတိယအမြင့်ဆုံးတောင်ဖြစ် ကြောင်း သိရသည်။ ဟိုမှာဘက်၌ ရေပြင်လဲ့လဲ့ ကို လှမ်းမြင်ရသဖြင့် အသေအချာကြည့်ရာ ပုန်းတလုပ်ရေကန်ဖြစ်ပြီး သစ်ပင်များအကြား တွင် ပြားဝပ်နေသကဲ့သို့မြင်တွေ့ရသည်။ ဓာတ်ပုံ မှတ်တမ်းများကို စိတ်တိုင်းကျရိုက်ယူမိသည်။
မြေပြန့်၊ တောင်ကြော၊ လွင်ပြင်များတွင်စိုက် ခင်းများကိုလှမ်းမြင်ရသည်။ အာလူး၊ နနွင်း၊ ကြက်သွန်ဖြူ၊ ပဲမျိုးစုံ၊ မုန်လာထုပ်၊ ပြောင်းဖူး၊ ပန်းနှမ်း၊ ပန်းဂျုံ၊ ငရုတ်စသည့်စိုက်ခင်းများက အရောင်မျိုးစုံခြယ်သထားသည့် မြေပြင်ပန်းချီ ကားတစ်ချပ်ကဲ့သို့ပင်၊ ဘယ်ညာဘက်စီတွေမှာ လည်း သစ်ပင်စိမ်းအုပ်အုပ်များ အစုလိုက် အစု လိုက်တွေ့ရသည်မှာ ဥယျာဉ်စိုက်ခင်းများဖြစ် သည်ဟု တွေးမိသည်။
ဥယျာဉ်များတွင် ပိန္နဲ၊ နဂါးမောက်သီး၊ တညင်း၊ သံပရာ၊ ပင်စိမ်း၊ သရက်၊ လိမ္မော်စသည် များကို စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်း ကြကြောင်း သိရသည်။ ပင်းတယနယ်မြေသည် ရှေးနှစ်ပေါင်းများစွာကပင် သီးနှံစိုက်ပျိုးဖြစ် ထွန်းကြောင်း၊ ရေမြေရာသီဥတုမျှတကောင်းမွန် ကြောင်း သမိုင်းမှတ်တမ်းများတွင် ကျွန်တော် ဖတ်ရှုခဲ့ရဖူးသည်။ နှစ်ပေါင်းများစွာကပင် အေး ချမ်းစည်ဝေခဲ့သည့် နယ်မြေတစ်ခုပင်ဖြစ်သည်။
ကျွန်တော်တို့ ရွှေဥမင်လိုဏ်ဂူအတွင်း စေတီ နှင့် ဗုဒ္ဓရုပ်ပွားတော်များကို အေးချမ်းစွာဖူးမြော် ပြီး ဓာတ်ပုံမှတ်တမ်းများရိုက်ယူကာ ပြန်ဆင်း လာခဲ့သည်။ လိုဏ်ဂူဘုရားများကို ဖူးမြော်ကာ ပြန်ဆင်းလာသည်နှင့် ရေနွေးကြမ်း၊ လက်ဖက်၊ ပဲပုပ်ကြော်၊ တိုဟူးကြော်များကို အခမဲ့တည်ခင်း ဧည့်ခံနေသည်ကိုတွေ့ရသည်။ ဤပင်းတယဂူသို့ လွန်ခဲ့သည့် ၂၅ နှစ်ခန့်က ကျွန်တော်ပထမဆုံး စတင်ရောက်ခဲ့စဉ် အချိန်ကတည်းက ယခု လိုဘုရားဖူးများကို အခမဲ့ဧည့်ခံကျွေးမွေးမှုရှိနေ ခဲ့ရာ ကောင်းမွန်သော အစဉ်အလာကို ဆက် လက်ထိန်းသိမ်းနိုင်ခြင်းအဖြစ် သာဓုခေါ်မိသည်။
ကျွန်တော်ဓာတ်လှေကားဖြင့် ပြန်ဆင်းလာ ခဲ့သည်။ ပင်းတယရွှေဥမင်လိုဏ်ဂူဘုရားပွဲက နှစ်စဉ်တပေါင်းအဖိတ်နေ့မှ လပြည့်ကျော် ၁ ရက်အထိ ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများဖြင့်စည်ကားလေသည်။ ပင်းတယ မြို့အဝင် တမဲဘုရားဝင်းအတွင်းနှစ်စဉ် တန်ခူး လဆန်း ၁ ရက်၌ တောင်ရိုးလူမျိုးတို့၏ တာ တက်ပွဲ၊ ဒိုးပစ်ပွဲများ ကျင်းပလေ့ရှိသည်။ တိုင်း ရင်းသားတို့၏ ရိုးရာဓလေ့ပွဲတော်ဖြစ်ရာ ပင်း တယနယ်မြေအတွင်းသာမက မြန်မာနိုင်ငံ တစ်ဝန်း အနယ်နယ်အရပ်ရပ်မှ ဓနု၊ တောင်ရိုး၊ ပအိုဝ်းတိုင်းရင်းသားများ ရောက်အောင်လာ ကာ ပါဝင်ဆင်နွှဲကြရာ ပျော်ရွှင်စရာကောင်းလေ သည်။ ကျွန်တော်တစ်နှစ်ကြုံကြိုက်ဖူးရာ တိုင်း ရင်းသားတို့နှင့်အတူ ဆင်နွှဲခဲ့ဖူးသည်။ စိုက်ပျိုး ရေးအောင်မြင်ချိန်တွင် ကျေးရွာများရှိ ဘုရား စေတီပုထိုးနှင့် ဘုန်းတော်ကြီးကျောင်းများ၌ အလှူပွဲပြုလုပ်ခြင်းဖြစ်သည်။ ဓနု၊ တောင်ရိုးတို့ ၏ စာချိုး၊ သံချပ်များကို ဓနုရိုးရာ အိုးစည်နှင့် တီးကာ တပျော်တပါးသီဆိုနွှဲပျော်ကြခြင်းဖြစ်ရာ ရိုးစင်းပြီး ကျေးလက်ဆန်လှသည်။ ဓနု၊ တောင်ရိုး၊ ပအိုဝ်း လူပျို၊ အပျိုများလည်း ဤပွဲ တွင် ဆုံတွေ့ကြသည်ဖြစ်ရာ ဖူးစာဖက်ရှာကြ သည့်ပွဲလည်းဖြစ်သည်။
ကျွန်တော်တို့ကားပေါ်ပြန်တက်ပြီး ပင်းတယ မြို့တွင်းသို့ လှည့်လည်ကြည့်ရှုခဲ့သည်။ ”ဟဲဟိုး သွားတဲ့လမ်းပေါ့”ဟုအတူပါလာသော မိတ်ဆွေ က ပြောပြသည်။ ဟဲဟိုးလေဆိပ်မှ လေယာဉ် ခရီးစဉ်အကြိမ်ကြိမ်စီးဖူးခဲ့သဖြင့် ပင်းတယနှင့်ဟဲဟိုးသွားရာလမ်းဘေးဝဲယာတွင် အလွန်လှပ သော စိုက်ခင်းများ၊ စိုက်ကွက်များကိုရင်သပ် ရှုမောငေးမောခဲ့ရသည်မှာလည်း အကြိမ်ကြိမ် ပင်။ နှင်းမှုံစစ၊ လွင့်ဖြာကျချိန်မှာ စိုက်ခင်းများ အပေါ် နှင်းစက်များ ပက်ဖျန်းထားသည့်မြင်ကွင်း ကိုလည်းမမေ့နိုင်ခဲ့။
ကျွန်တော်ဟဲဟိုး၌ အာလူးပေါက်ပွဲနှင့်လည်း ကြုံကြိုက်ခဲ့ဖူးသည်။ တောင်သူတို့အာလူးပေါ် ချိန်တွင် ပြုလုပ်လေ့ရှိသည့် ကျေးလက်ပွဲဖြစ်ရာ စိတ်ဝင်စားဖွယ် ကောင်းလေသည်။ အာလူး အလုံးသေးသေးများဖြင့် ကိုယ်သဘောကျသည့် မိန်းကလေး၊ ယောက်ျားလေးများကို ပစ်ပေါက် ကျီစယ်ကြခြင်းဖြစ်သည်။ ကောင်မလေးက လက်ခံရင် ချစ်ခွင့်ပန်၍ ရသည်ဖြစ်ရာ စိတ်ဝင် စားစရာပင် ဖြစ်သည်။
ပင်းတယတစ်ခွင်တွင် စိတ်ဝင်စားစရာ၊ လေ့ လာစရာလည်း ပေါများလေသည်။ ပင်းတယ မြို့အနီး ငှက်ပျောတောရွာတွင် စက္ကူထီးလုပ်ငန်း ရှိသလို အောယောရွာတွင်လည်း အိုးလုပ်ငန်း၊ အိုးပုတ်လုပ်ငန်း၊ ခမောက်လုပ်ငန်းများလုပ်ကိုင် နေသည်ကို လေ့လာနိုင်မည်ဖြစ်ရာ သည်တစ် ခေါက်တော့ ကျွန်တော်တို့မရောက်နိုင်တော့။ ကျွန်တော်တို့ အေးချမ်းသာယာလှသော ပင်းတယမြို့အတွင်း လိုက်လံကြည့်ရှုပြီးနောက် ပင်းတယမှ ပြန်လာခဲ့ကြသည်။ ဓနုတို့ပျော်ရွှင် စွာ နေထိုင်ရာ ပင်းတယမြေက ငြိမ်းငြိမ်းချမ်း ချမ်း သာသာယာယာရှိနေလျက်ပင်။ ။

သတင်းဆောင်းပါး – မောင်မောင်မြင့်ဆွေ
Credit to: myanmaallin