တကယ်တော့ဒီနေရာလေးက လွမ်းဆွတ်ဖွယ်ရာကောင်းလှသလို သဘာဝတရားရဲ့လှပမှုတွေ ငြိမ်းချမ်းရာ နေရာတစ်ခုဆိုလည်း မမှားပါဘူး။ ဒါ့အပြင် တိမ်တွေနေတဲ့ အရပ်တစ်ခုလည်းဖြစ်တယ်။ တိမ်နဲ့ထိတွေ့လို့ရတဲ့နေရာတစ်နေရာပေါ့။ မြူတွေဆိုင်းပြီး လှပနေတဲ့နေရာဆိုရင် အများစုကတော့ ချင်းပြည်နယ်ကိုပဲမြင်ယောင် မိတက်ပါတယ်။

ဒီနေရာလေးဟာ ရန်ကုန်နဲ့မဝေးသလို ကားနဲ့သွားရင်လည်း ငါးနာရီလောက်သာ ကြာမြင့်ပါတယ်။ အရင်ကတော့ သူ့ကို အညိုရောင်နယ်မြေလို့ခေါ်ခဲ့ပေမယ့် အခုကတော့ ခရီးသွားလုပ်ငန်းတွေ တိုးတက်လာတဲ့ နေရာတစ်ခု ဖြစ်လို့နေပါပြီ။

ရန်ကုန်နဲ့လည်းနီးတဲ့ နေရာတစ်ခု၊ အဲဒါကတော့ တောင်ငူမြို့နဲ့လည်းနီးတဲ့ သံတောင်ကြီးပဲဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင် အထက်ပေ လေးထောင်ကျော် လာက်မှာ တည်ရှိတဲ့ ကရင်ပြည်နယ်၊ သံတောင်မြို့ကတော့ သီးခြားကမ္ဘာ တစ်ခုအဖြစ် တည်ရှိနေပြီး သဘာဝ တောတောင်တွေနဲ့ စိမ်းလန်းနေပါတယ်။

အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးမှာ ပေါ်ပေါက်လာခဲ့တဲ့မြို့တစ်မြို့လည်းဖြစ်ပြီး ၁၉၅၄ ခုနှစ်မှာ ကရင်ပြည်နယ်လို့ သတ်မှတ်လိုက်တဲ့အခါ ပြည်နယ်ရဲ့မြို့တွေထဲမှာ သံတောင်လည်း ပါဝင်ခဲ့ပါတယ်။ သံတောင်ကြီးကို သွားမယ်ဆိုရင်တော့ ရန်ကုန်ကနေ တောင်ငူထိ ကားစီးခဲ့ရမှာဖြစ်ပြီးတော့ တောင်ငူမြို့ကနေ တဆင့် ဆိုင်ကယ်နဲ့ဖြစ်စေ၊ သံတောင်ကြီး အထိ ပြေးဆွဲပေးနေတဲ့ လိုင်းကားတွေနဲ့ဖြစ်စေ သွားရောက်နိုင်ပါတယ်။

ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားရင် ကုန်ကျစရိတ်သက်သာလှပါတယ်။ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေ က စီစဉ်တဲ့ နေ့ချင်းပြန် ခရီးစဉ် တွေသွားရင်လည်း ငွေကျပ်သုံးသောင်းဝန်းကျင်သာ ကုန်ကျနိုင်တာမို့ စရိတ်နည်းခရီးစဉ် တစ်ခု လည်း ဖြစ်ပါတယ်။ အေးအေးဆေးဆေးသွားချင်ရင်တော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားတာ အကောင်းဆုံးပါပဲ။ သံတောင်ကြီးကိုတက်မယ်ဆိုရင် တောင်တက်လမ်း အကွေ့အကောက်တွေမှာ တချို့နေရာတွေမှာဆို တောင်တက်လမ်း အကာအရံတွေ မရှိတာကြောင့် တောင်အောက်က ချောက်ကိုကြည့်ပြီး အသဲတယားယား ရင်တဖိုဖို ခံစားစေရပါတယ်။ အတက်လမ်းနဲ့အဆင်းလမ်း ရှိပေမယ့် တောင်တက် လမ်းတစ်လျှောက်မှာ လည်း အပင်ကြီးတွေနဲ့ စိမ်းမှောင် အေးစိမ့်နေပါတယ်။

တောင်ပေါ် ရောက်ချိန် ညနေငါးနာရီနောက်ပိုင်းပဲဖြစ်ဖြစ် မနက်စောစောခြောက်နာရီ၊ ခုနှစ်နာရီအချိန်လောက်ဆို တိမ်တွေကို မြင်တွေ့ရပါပြီ။ သံတောင်ကြီး အပေါ်ကနေ တောင်ပေါ်ရှုခင်းကြည့်တာ၊ နော်ဘူဘောတောင်နဲ့ တခြားတောင်တွေကို လည်း လည်ပတ်ကြည့်ရှု့ နိုင်ပါတယ်။ တိမ်တွေကို အဆုပ်လိုက် မြင်ရဖို့ဆိုရင် အခုလို မိုးတွင်းမှာ ဆို မြင်တွေ့ရပါတယ်။ ဒါပေမယ့် မိုးတွင်းဆို တောင်ပေါ်ကို လူသိပ်မတက်ကြပါဘူး။ ဒီနေရာကနေ မြူတွေကို ဖမ်းဆုပ်လို့ရတဲ့နေရာတစ်ခုလို့ လည်းဖြစ်တယ်လေ။

တည်းခိုဖို့နေရာကတော့ သံတောင်ကြီးမြို့ပေါ်မှာ တည်းခိုစရာနေရာ နည်းပါးနေသေးပေမယ့်လည်း နော်ဘူဘောတောင်အနီးမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းမှာ ဧည့်သည်တွေအတွက် စီစဉ်ထားတဲ့ ဧည့်ဆောင်တွေမှာ လည်း သွားရောက် တည်းခိုနေထိုင်နိုင်ပါတယ်။ အလှူငွေ ထည့်ဝင်ပြီး တည်းခိုနေနိုင်ပါတယ်။ ဘုရားကျောင်းက သင်းအုပ်ဆရာကတော့ ဧည့်သည်တွေကို တာဝန်ကျေပွန်စွာပဲ ထမင်း၊ဟင်းချက်ကျွေးခြင်းနဲ့ နေထိုင်စရာနေရာကို စီစဉ်ပေးထားပါတယ်။ ကရင်ရိုးရာ ဟင်းတွေကိုလည်း မြည်းစမ်းကြည့်နိုင်ပါသေးတယ်။ ကရင်တာလဘောဟင်းနဲ့ကြက်သားချက် ဟင်းကလည်း တောင်ပေါ်ရောက်တဲ့အချိန်စားရတဲ့ အခါမှာ မမေ့နိုင်တဲ့ညစာထမင်းဟင်းပါပဲ။

နော်ဘူဘောတောင်ခြေကနေ လှေကားထစ်လေးတွေ အတိုင်းတက်မယ်ဆိုရင်တော့ အမြင့်ဆုံးတောင်ထိပ်ကို ရောက်မှာဖြစ်ပြီးတော့ ရှုခင်းကြည့်လို့ အကောင်းဆုံးနေရာ တစ်ခုလည်း ဖြစ်တယ်။ တောင်တက်လမ်း တစ်လျှောက်မှာ ဆုတောင်းဂူလေးတွေ ကို တွေ့နိုင်ပြီး တောင်ထိပ်မှာ ကြီးမားတဲ့ လက်ဝါးကပ်တိုင်ကိုလည်း တွေ့ရပါမယ်။ လျှောက်လမ်းတစ်လျှောက်မှာလမ်းလျှောက်ရင်း လေ့လာစရာတွေကိုလေ့လာနိုင်ပြီး နော်ဘူဘောတောင် သမိုင်းကို တွေးတောနေနိုင်ပါတယ်။
နော်ဘူဘောတောင်သမိုင်းပုံပြင် တော့လွမ်းမောဖွယ်ရာကောင်းလှသလို နှလုံးရည်ပြည့်စုံတဲ့ ယောင်္ကျား ကောင်း စောသောဒိုခွား နဲ့ လှပပြီး ယဉ်ကျေးလိမ္မာတဲ့ နော်ဘူဘော တို့ရဲ့အချစ်ဇာတ်လမ်းကနေ ဖြစ်တည်လာတဲ့ ပုံပြင်လို့ ဆိုရိုးတွေရှိခဲ့တဲ့ နော်ဘူဘောတောင်ပါ။

မင်းသမီးလေး နော်ဘူဘော ဟာ ယောင်နောက် ဆံထုံးပါ လိုက်လာခဲ့တဲ့ အတွက် သူမရဲ့ မိခင်က ဘယ်လောက် ချက်ချက် မလျှော့တဲ့ ဆန်ဘူးနဲ့ ဆံပင်မှာ ပန်ဆင်ထားရင် လူအများကြားမှာ ထင်ရှားပြီး၊ ခြေမှာ နင်းထားရင် ကိုယ်ပျောက်နိုင်တဲ့ စွမ်းအားရှိတဲ့ ငွေဘီးကို လက်ဆောင်အဖြစ် ပေးလိုက်တဲ့အတွက် မင်းသမီးလေး ရဲ့ တန်ခိုးနဲ့ တိုင်းပြည်မှာ ဆန်စပါး ကြွယ်ဝစေပြီး သူမရဲ့ ချစ်သူကလည်း သူမရဲ့ ငွေဘီးတန်ခိုးနဲ့ ရန်သူတွေကို အလွယ်တကူ အောင်မြင်နေမှုတွေဖြစ်ခဲ့ပါတယ်။

ဘယ်မရာမဆိုအောင်မြင်ရင် မနာလိုတက်တဲ့လူ့သဘာဝတွေက အခုမှမဟုတ်ပါဘူး။ ဟိုးအရင်ကတည်းကကို တည်ရှိနေခဲ့တာပါ။ မနာလိုတဲ့သူတွေဟာ မင်းသမီးလေးကို ချောက်တွန်းဖို့ အမြဲကြံစည်ခဲ့ပါတယ်။ တစ်နေ့မှာတော့ မင်းသားလေး စစ်တိုက်သွားတဲ့အခါမှာ ငွေဘီးပါသွားပေမယ့် မင်းသားလေး ကျဆုံးခဲ့ရာ ကစပြီး နော်ဘူဘော တစ်ယောက် ဟာ ကံဆိုးခဲ့ရပါတယ်။ မင်းသားကျဆုံးတဲ့အခါ မနာလိုသူတွေက စုပေါင်းတောင်းဆိုမှုကြောင့် မင်းသားလေးရဲ့ ခမည်းတော် ကိကုဘုရင်ဟာ ချွေးမတော်ကို နယ်နှင်ဒဏ်ပေးလိုက်ရကာ နော်ဘူဘော မင်းသမီးလေးခမျာ ဒေါဖားခိုတောင်သို့ ခေါ်ဆောင်သွားခံရပြီး ရင်ကွဲနာကျ သေဆုံးသွားခဲ့ရတယ်လို့ ဒဏ္ဍာရီတွေ အဖြစ်ရှိခဲ့ပါတယ်။ ။ ဒီဇာတ်လမ်းလေးထဲမှာ ချစ်ခြင်း မေတ္တာအပြင် တန်ခိုးအာဏာ၊ မနာလိုမှု နဲ့ မယုံကြည်မှု သံသယ တရားတွေကြားမှာ ချစ်သူနှစ်ယောက်ဟာ မြေဇာပင် ဖြစ်ခဲ့ကြပြီး ဝမ်းနည်းစရာ ဇာတ်လမ်းလေးအဖြစ် ဇာတ်သိမ်းခဲ့ပါတယ်။

ဒေသခံတွေက ဝတ်ဖြူစင်ကြယ်နဲ့ နက်မှောင်တဲ့ ဆံပင်အရှည်ကြီး ဖျားလျားချထားတဲ့ အမျိုးသမီးငယ်လေးကို ဒီတောင်ပေါ်မှာဝိုးတဝါး တွေ့ရလေ့ ရှိတယ်။ အဲဒီလို တွေ့တဲ့ နှစ်တွေ ဆိုရင် ဆန်စပါး ပေါများပြီး သာယာတယ်လို့ အယူရှိကြတာ ဒီနေ့ခေတ်အချိန်အထိပါပဲ။ ဒါကြောင့် ဒီ ဆုတောင်းတောင်ကို လူမျိုးဘာသာ မရွေးလာပြီး သစ္စာတိုင် ဆုတောင်းကြတဲ့ အလေ့အထ ရှိတယ်လို့ မှတ်သားရပါတယ်။

သမိုင်းစာအုပ်တွေကနေ ဖော်ပြထားတဲ့ ငွေဘီးလေးပိုင်ရှင် နော်ဘူဘော မင်းသမီးလေးရဲ့ဇာတ်လမ်းလေးကို ဖတ်မိရင်း တကယ့်ကို လွမ်းဆွတ်မိတာကလည်း ခဏခဏပါပဲ။ နော်ဘူဘောမင်းသမီးလေးကို တရားစီရင်တဲ့ နေရာတွေ၊ မြင်ရပြန်တော့ ကြေကွဲမိရပြန်တယ်။ ဒီတောင်ဟာ သစ္စာတရားကို တိုင်တည် ဆုတောင်းလို့ရှိရင်ပြည့်တဲ့ အတွက် ဆုတောင်းတောင်လို့ ခေါ်ကြ တယ်လေ။

တောင်ပေါ်ကနေကြည့်ရတဲ့မြင်ကွင်း၊ကိုယ့်အနောက်မှာအကာအရံမရှိတဲ့ ချောက် ဟင်းလင်းပြင် ၊အေးချမ်းတဲ့လေနုအေးတွေ၊ တိမ်တွေနဲ့ အနီးဆုံးနေရာတစ်ခု ၊ အေးချမ်းလှတဲ့နေရာ ထိုနေရာဟာနောင်တစ်ချိန်မှာ ခရီးသွားလုပ်ငန်းအတွက် အကောင်းဆုံးနေရာတစ်ခုဖြစ်လာမှာကတော့ အသေအချာပါပဲ။

တောင်ထိပ်မှာတော့ သဘောင်္ဦးပိုင်းတစ်ခုပုံသဏ္ဍန်ကို တည်ဆောက်ထားတယ်။ တိုက်တန်းနစ် သဘောင်္နဲ့ ပုံစံတူ ပါတယ်။ ဒီအပေါ်ကိုတက်ပြီး တိုင်တန်းနစ်တွေကလိုလက်ကိုမြောက်ပြီး ဓာတ်ပုံရိုက်သူတွေက အများကြီး။ ဒဏ္ဍာရီတွေနဲ့ထုံမွှမ်းနေတာကလည်းနော်ဘူဘောဆုတောင်းတောင်။ တိမ်တွေနဲ့အနီးဆုံးတည်ရှိနေရမှာကို ခံစားစေရတာကလည်း နော်ဘူဘော ဆုတောင်းတောင်။ တိမ်တွေအရပ်ဆီကို သွားလည်ဖို့ တိမ်တွေ အထက်မှာ နေချင်ရင် တစ်ခေါက်လောက်တော့ နော်ဘူဘောဆုတောင်းတောင်ကို သွားလည်ပါလို့ ပြောပါရစေ။

Credit: မော်ကျွန်းသူ